မင်းတပ်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် မြူများအုံ့ဆိုင်းနေသဖြင့် ကား/ဆိုင်ကယ်များ သတိပြုသွားလာနေရ

မင်းတပ်   သြဂုတ်     ၄

ချင်းပြည်နယ် မင်းတပ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့်မြူများအုံ့ဆိုင်းနေသဖြင့် လမ်းမကြီး တစ်လျှောက်တွင် ကား/ဆိုင်ကယ်များ အထူးသတိပြု သွားလာနေရကြောင်းသိရသည်။

မင်းတပ်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက်၊ အမြင့်ပေ(၄၈၆၀)ပေတွင်တည်ရှိပြီး ယနေ့ နံနက် ၉ နာရီတွင် မင်းတပ်မြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာ၏ တိုင်းထွာချက်များအရ မိုးရေချိန် (၁.၅၃) လက်မရှိပြီး ယခင်နှစ်များထက် မိုးရွာသွန်းမှုများလျက် နောက်နှစ်ရက်အတွက် ခန့်မှန်းချက်များအရ မိုးဆက်လက်ရွာသွန်းကာ ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်မည်ဟု ခန့်မှန်းရကြောင်း မင်းတပ်မြို့၊ မိုးလေဝသနှင့်ဇလဗေဒတာဝန်ခံ ဦးဟုန်းအွမ်ဖေက ပြောကြားသည်။

ယာဉ်များအန္တရာယ်ကင်းစွာ သတိပြုမောင်းနှင်နိုင်ရေးအတွက် လမ်းမကြီးတစ်လျှောက်တွင် မြန်မာနိုင်ငံ ယာဉ်ထိန်းတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့များက ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မင်းတပ်မြို့ပေါ်အတွင်း မြေပြိုနိုင်သည့်နေရာများကို တာဝန်ရှိသူများက လိုက်လံသတိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)