ထန်းတပင်(ရန်ကုန်) သြဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးလျာထားဧကထက် ကျော်လွန် အောင်စိုက်ပျိုးနိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရာ သြဂုတ် ၁၆ ရက်အထိ မိုးစပါးလျာထားစိုက်ဧက ၈၄၀၀၀ ကျော်ရှိသည့်အနက် ဧကပေါင်း ၄၆၀၀၀ ကျော်ကို စိုက်ပျိုးပြီးစီးကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ထန်းတပင်မြို့နယ်မှာ မိုးစပါးလျာထားစိုက်ဧက(၈၄၁၃၈)ဧကရှိပြီးတော့ လက်ရှိဧကပေါင်း (၄၆၀၃၃) ဧကစိုက်ပျိုးနိုင်ခဲ့ပါတယ်။ လျာထားဧကထက်ကျော်လွန်အောင်စိုက်ပျိုးနိုင်ရေးအတွက်လည်း ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုက ပြောသည်။
တောင်သူများ စပါးစိုက်ပျိုးရာတွင် လုပ်အားကုန်ကျမှုစရိတ်များ၊ မျိုးစေ့နှုန်းထားကုန်ကျမှုစရိတ်များ သက်သာစေရန်နှင့် စပါးအထွက်နှုန်းများ တိုးတက်လာ စေရန်အတွက်လည်း ဧက (၁၀၀) စံပြစိုက်ခင်းတွင် စိုက်ပျိုးနည်းစနစ်များ အားသက်ဆိုင်ရာကွင်းအလိုက်ဒေသခံတောင်သူများကို အသိပညာပေးလက်တွေ့စိုက်ပျိုးပြသပေးလျက်ရှိပြီး မိုးစပါးစိုက်ခင်းများ တစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် လိုက်နာရမည့်နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသိပညာပေးဆောင်ရွက်လျက်ရှိသလို နည်းပညာမျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)