ရွှေတိဂုံစေတီတော် ၁၃၈၇ ခုနှစ် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ဩဂုတ် ၁၇

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းတွင် ကျင်းပခဲ့ရာ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ယောဂီသူတော်စင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာအခမ်းအနားတက်ရောက်သူများက နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ မဟာဂန္တဝါစကပဏ္ဍိတ၊သာသနဓဇဓမ္မာစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တကဉ္စန (လှိုင်ရတနာပရိယတ္တိ စာသင်တိုက်၊ ရွှေပြည်သာမြို့နယ်) ထံမှ နဝင်္ဂသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ဂေါပကအဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များနှင့် အလှူရှင်များက ဩဝါဒါစရိယဆရာတော်ကြီးနှင့် ပင့်သံဃာအရှင်သူမြတ်များထံသို့ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဆရာတော်ကြီးထံမှ  အနုမောဒနာတရားနာ‌ကြားပြီး‌နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ယင်းနောက်ဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ဥပုသ်သီတင်းသီလဆောက်တည်သူယောဂီသူတော်စင်အပေါင်းတို့ကိုလည်း နေ့ဆွမ်းဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)