နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစစ်ဆေး၊ အထူးကုဆရာဝန်ကြီးများမှ ကွင်းဆင်း‌ဆေးကုသပေးနေမှုကို ကြည့်ရှုအားပေး၊ မြို့နယ်ပေါင်းစုံ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဩဂုတ် ၁၇

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ်သို့ သွားရောက်ပြီး ဗိုလ်မင်းရောင်ရပ်ကွက်၊ ငွေတောင်တောရ ပရိယတ္တိစာသင်တိုက် အဝင်လမ်းတွင် သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး သန့်ရှင်းရေးဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ ဒဟတ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး နေပြည်တော် ပြည်သူ့ဆေးရုံကုတင် (၃၀၀) နှင့် တပ်ကုန်းမြို့ပြည်သူ့ဆေးရုံကုတင်(၁၀၀)တို့မှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်းဆေးကုသပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး လာရောက်‌ဆေးကုသမှုခံယူသူများအား အဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ကာ ကွင်းဆင်း‌‌ဆေးကုသသည့် ဆရာဝန်ကြီးများအား လက်ဆောင်ပန်းခြင်းနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ (အ.ထ.က) ဒဟတ်ကုန်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်ငွေများကိုလည်းကောင်း  ပေးအပ်ခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ ဆင်သေရေလွှဲဆည်သို့ သွားရောက်ပြီး စိုက်ဧက ၃၂၀၀ကို အကျိုးပြုနေသည့် ပေ ၉၀၀၀၀၊ အရှည်ရှိ လက်ယာမြောင်း ပြန်လည်တူးဖော်ပြင်ဆင်နေမှုအခြေအနေများနှင့် လက်ယာမြောင်းဘေး စိုက်ပျိုးထားသည့် ဝါနှင့် စားဖိုစောင်သီးနှံများ အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ ညောင်လွန့်ကျေးရွာသို့ သွားရောက်ပြီး ဦးထိန်လင်း၏ ဥစားကြက် (၁၅၀၀) ကောင်၊  ‌ဒေသနွား ၇ ကောင်နှင့် ဝက်များကို ပေါင်းစည်းလယ်ယာစနစ်ဖြင့် မွေးမြူထားရှိမှုအား လှည့်လည်ကြည့်ရှုအား‌ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ညောင်လွန့်ကျေးရွာ ကွင်းအမှတ် (၂၀၄၇) သို့ သွားရောက်ပြီး တောင်သူ ဦးမောင်သင်၏လယ်တွင် ပေါ်ဆန်းရင်စပါးများ စိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တပ်ကုန်းမြို့နယ်အတွင်း သီးနှံများစိုက်ပျိုးထားရှိမှုကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တောင်သူများအား သဘာဝမြေဩဇာကို ကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကိုမှာကြားကာ တောင်သူများထံ သဘာဝမြေဩဇာများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အောင်နိုင်တိုးမျိုးစပါးကိုလည်းကောင်းပေးအပ်ကြပြီး ကောက်ရိုးဖြင့် သဘာဝမြေဩဇာ ပြုလုပ်နည်း သရုပ်ပြသခြင်းနှင့် ကာကီကင်း ဥစားဘဲများ မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် ညနေပိုင်းတွင် ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားကွင်း၌ ၂၀၂၅ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊  နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ရာ ဇမ္ဗူသီရိမြို့နယ်အသင်းက လယ်‌ဝေးမြို့နယ်အသင်းအား ပင်နယ်တီ ၄ ဂိုး၊ ၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပြိုင်ပွဲတွင်အကောင်းဆုံးဆုရရှိခဲ့သော အားကစားသမားများ၊ တတိယဆု၊ ဒုတိယဆုနှင့် ပထမဆုရရှိသောအသင်းများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို နေပြည်တော်ကောင်စီဝင်များနှင့် နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ နာယကတို့မှလည်းကောင်း၊ ပထမဆုရရှိသော ဇမ္ဗူသီရိမြို့နယ်အသင်းအား ငွေသားဆုနှင့်တံခွန်စိုက်ဆုဖလားကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးမှလည်းကောင်း အပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)