တိုက်ကြီး ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဂျိုးဖြူကျေးရွာအုပ်စု၊ ဆိတ်သာကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ဆောင်ရွက်ရန်အတွက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာရွှေက VDP စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်နှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဆွေးနွေးပြီးပြီး စီမံကိန်းတာဝန်ခံက စီမံကိန်းလုပ်ငန်းစဉ်များနှင့် ကျေးရွာစီမံကိန်းကော်မတီ ဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်ရန်အတွက် စီမံကိန်းကော်မတီဝင် ၇ ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းခဲ့ပြီး မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဦးစားပေးရွေးချယ်ထားသည့် ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့် အခြေအနေအား မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)