အင်းစိန် ဩဂုတ် ၁၇
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ် ၁၅ ရက်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံသီရိခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ ကျန်းမာရေးဝန်ကြီးဌာနသည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့်ညီညွတ်သည့်သော အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရေးနှင့် ကျန်းမာပျော်ရွှင်သည့် ပညာသင်ယူမှုပတ်ဝန်းကျင်ကောင်း ဖန်တီးနိုင်စေရေးတို့အတွက် ရည်ရွယ်ပြီး ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များအား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးဖို့ ကျောင်းကျန်းမာရေးမြှင့်တင်စို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသားလူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး အခြားဆက်စပ်ဌာနများ၏ ကူညီမှုနှင့်အတူ ရှေ့ဆက်ဆောင်ရွက်သွားကြရန် စသည်တို့ကို ပြောကြားသည်။
ထို့နောက် ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက သန့်လေးသန့်၊ ရန်သူ၊ အစာစားပါ ကဗျာများဖြင့် သံပြိုင်သီဆိုပြီး ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင်က ကျောင်းကျန်းမာရေးရက်သတ္တပတ်အကြောင်း ရှင်းလင်းတင်ပြကာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်ငြိမ်းထွဋ်က ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် သရုပ်ပြချက်ပြုတ်ပြိုင်ပွဲဆောင်ရွက်ရခြင်းအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီးတို့က ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ပြသထားသည့် ပြခန်းများနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများ အာဟာရပြည့်ဝတန်ဖိုးမျှချက်ပြုတ်ပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၄)ခုမှ ကျောင်းသား၊ ကျောင်းသူ ပြိုင်ပွဲဝင်(၁၄)ဖွဲ့မှ ယှဉ်ပြိုင်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)