ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ရန်ကုန်-ပဲခူးလမ်းပိုင်း အမှတ်(၁၃)အစုန် DEMU လူစီးရထားအား ပြည်သူများနှင့်အတူ လိုက်ပါစီးနင်း

ရန်ကုန် ဩဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများနှင့် တာဝန်ရှိသူများသည် ဩဂုတ် ၁၃ ရက် ညနေပိုင်းက ရန်ကုန်-ပဲခူးလမ်းပိုင်း အမှတ်(၁၃) အစုန် DEMU လူစီးရထားပေါ်တွင် စီးနင်းလိုက်ပါသည့် ခရီးသွားပြည်သူများနှင့်အတူ ရန်ကုန်ဘူတာမှ ဒါးပိန်ဘူတာအထိ ရထားလမ်းပိုင်းတစ်လျှောက် လိုက်ပါစီးနင်းသည်။

ထို့သို့ လိုက်ပါစီးနင်းစဉ် ရထားလမ်းပိုင်းကြံ့ခိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရထားတွဲဆိုင်းများအတွင်း ခရီးသွားများလိုက်ပါစီးနင်းနေသည့် အခြေအနေများ၊ ရထားဖြင့်သွားလာလျက်ရှိသည့် ခရီးသွားများရထားစီးနင်းရာတွင် စိတ်အေးချမ်းသာစွာဖြင့် စီးနင်းလိုက်ပါနိုင်ရေး မြန်မာ့မီးရထားမှ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လိုအပ်မည့်အခြေအနေများ၊ ရထားလမ်းဘေး ဝဲ/ယာရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရထားစီးနင်းနေစဉ် ရပ်နားသည့်ဘူတာများတွင် ခရီးသွားများ အဆင်ပြေချောမွေ့နိုင်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရထားစက်ခေါင်းတွင် အန္တရာယ်ကင်းရှင်းစွာဖြင့် မောင်းနှင်နေမှုအခြေအနေများနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ဒါးပိန်ဘူတာသို့ရောက်ရှိပြီး ပဲခူးသို့ ဆက်လက်ထွက်ခွာမည့် ခရီးသွားများအား နှုတ်ဆက်ကာ ဒါးပိန်ဘူတာတွင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)