ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကျင်းပ

အင်းစိန် ဩဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၄)တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ကော်မတီအတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနန္ဒအောင်နှင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဆက်စပ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်နှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအသင်းအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ လက်ရှိဘဏ္ဍာနှစ်နှင့် ပြက္ခဒိန်နှစ်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှု၊​ ဧည့်သည်တည်းခိုမှုနှင့် ဝင်ငွေရရှိမှုအခြေအနေများ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန်နှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနယ်ပယ် ဝန်ဆောင်မှုအဆင့်အတန်း တိုးတက်ကောင်းမွန်စေရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေမှ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ အခြေခံသင်တန်း(၄)မျိုး၊ (၂)ကြိမ် ဖွင့်လှစ်ပေးနိုင်ခဲ့မှုအခြေအနေ၊ ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုံ့ပြန်ခြင်းသင်တန်းများကို ဆက်လက်ဖွင့်လှစ်ပေးရန် လျာထားဆောင်ရွက်မှုအခြေအနေများ စသည်တို့ကို ပြောကြားသည်။

အဆိုပါအစည်းအဝေးတွင် ဟိုတယ်အဆောက်အဦး တည်ဆောက်ခွင့်(၂)ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင် (၃)ခု၊ တည်းခိုရိပ်သာ(မိုတယ်) လုပ်ငန်းလိုင်စင်(၁)ခု၊ သက်တမ်းတိုးနှင့်ဝန်ဆောင်မှု(၅၆)ခု၊ တည်းခိုဆောင်လုပ်ငန်းလိုင်စင်(၁)ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် ပြည်ဝင်သက်တမ်းတိုး (၁၇၇)ခု၊ ပြည်ပ (၇၁)ခု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုမိန့်နှင့် ထုတ်ပေးထားသည့် ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် ပြည်ဝင် (၃၆)ခုနှင့် ပြည်ပ (၃၄)ခုတို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရေး website လွှင့်တင်ရန်ကိစ္စ၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကိစ္စများအပါအဝင် ခရီးသွားလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်းနှင့် ယနေ့အစည်းအဝေးတွင် လုပ်ငန်းလိုင်စင်ခွင့်ပြုပေးခဲ့သည့် ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ ဟိုတယ်လုပ်ငန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ်သန်းပေါင်း (၁၇,၅၀၀)နှင့် လုပ်သားအင်အား(၅၈)ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)