ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၌ အသုံးချလူမှုနှင့် သဘာဝသိပ္ပံဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ

အင်းစိန် ဩဂုတ် ၁၆

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၏ ဒုတိယအကြိမ်မြောက် အသုံးချလူမှုနှင့် သဘာဝသိပ္ပံဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို ဩဂုတ် ၁၄ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်ခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ပါမောက္ခချုပ်နှင့် ဆရာကြီး၊ ဆရာမကြီးများ၊ စာတမ်းရှင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူစာတမ်းအတွက် ပြုလုပ်ထားသော သုတေသနပိုစတာများကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် အခမ်းအနားအားကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က Video Message ဖြင့် အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက “ကြိုင်လျှံသတင်းဖြာ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မဟာ” တက္ကသိုလ်သီချင်းဖြင့် သီဆိုကပြဖျော်ဖြေသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက လမ်းညွှန်အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာတမ်းဖတ်ပွဲအတွက် အလှူငွေများပေးအပ်ရာ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းဇော်ဦးက လက်ခံရယူခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ယင်းနောက် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းဇော်ဦးက စာတမ်းဖတ်ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်အား စာတမ်းဖတ်ပွဲအမှတ်တရလက်ဆောင်ကို ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းဇော်ဦးက ပေးအပ်ခဲ့သည်။

၎င်းနောက် စာတမ်းဖတ်ပွဲအတွက် ကူညီပေးသည့်အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး အဆိုပါစာတမ်းဖတ်ပွဲကို ဘာသာရပ်နယ်ပယ်(၁၄)ခုတို့မှ စာတမ်းစုစုပေါင်း (၁၀၇)ခု ဖတ်ကြားခဲ့ပြီး ဩဂုတ်လ(၁၄)ရက်နေ့မှ ဩဂုတ်လ(၁၅)ရက်နေ့အထိ ကျင်းပခဲ့ကြောင်းသိရသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်-ပုသိမ်မြောက်ဘက်ခြမ်း တောင်ကြားချောင်းအနီး ဇလားပုံအုတ်စီရေမြောင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအား အချိန်တိုအတွင်းပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းကိုက်ညီစွာဖြင့် ပြီးစီးအောင်ဆောင်ရွက်ရန်၊ လမ်းဘေးဝဲ/ယာရေမြောင်းတစ်လျှောက် အမှိုက်၊ နုန်းများဆယ်ယူရှင်းလင်းရန်၊ မြက်ပင်ချုံနွယ်များ ရှင်းလင်းရန်၊ ရေးစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး လုပ်ငန်းများဆောင်ရွက်ရန် စသည်တို့ကိုမှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)