မိုင်းကိုင် ဩဂုတ် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်သီရိခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအသိပညာပေးအခမ်းအနားကို ဩဂုတ်လ ၁၆ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမောင်တင်ဦးက မဲပေးစက်ကိုအသုံးပြုခြင်းဖြင့် ပယ်မဲမရှိခြင်း၊ မဲပေးရလွယ်ကူခြင်း၊ မဲရလဒ်များမြန်မြန်ဆန်ဆန်သိရှိနိုင်ခြင်းစသည့်အကျိုးရလဒ်များကိုရရှိမည်ဖြစ်ကြောင်းနှင့် နည်းပညာများတိုးတက်လာသောခေတ်နှင့်အညီ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများတွင်လည်း အကျိုးကျေးဇူးများသည့် အီလက်ထရောနစ်မဲပေးစက်များဖြင့် လွတ်လပ်၍တရားမျှတသော၊ ဂုဏ်သိက္ခာရှိသောရွေးကောက်ပွဲတစ်ရပ်အောင်မြင်စွာကျင်းပနိုင်ရေးအတွက်ကြီးမားသည့် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိဒေါ်နန်းသန္တာဦးက မဲပေးစက်အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ အကြောင်းအရာများရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်နေပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့်သိရှိလိုသည်များကို မေးမြန်းကြကြောင်းသိရသည်။
ချော(မိုင်းကိုင်)