၂ဝ၂၅ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ  အခမ်းအနားသို့ ဝန်ကြီးချုပ်ဦးမျိုးအောင်တက်ရောက်

ချမ်းအေးသာစံ သြဂုတ် ၁၆

၂ဝ၂၅ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ သြဂုတ်လ ၁၅ ရက် ညနေ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ ​လူမှုရေးရာဝန်ကြီး  ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်​ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊  ဥပဒေချုပ် ဦးမြင့်​အောင်၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးနိုင်လင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဆပ်ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများ၊ ရိုးရာခြင်းလုံးဝါသနာရှင်များ၊ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ပထမဆုရ မဟာအောင်မြိုင်ခရိုင်အသင်း၏ ရိုးရာခြင်းခတ်ကစားမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အမျိုးသားအသင်း ပထမဆုရ မဟာအောင်မြေခရိုင်အသင်း၊ ဒုတိယဆုရ မြင်းခြံခရိုင်အသင်း၊ တတိယဆုရ အမရပူရခရိုင်အသင်း၊ အမျိုးသမီးအသင်း ပထမဆုရ မဟာအောင်မြေခရိုင်အသင်း၊ ဒုတိယဆုရ အမရပူရခရိုင်အသင်း၊ တတိယဆုရ မိတ္ထီလာခရိုင်အသင်းတို့နှင့် အကောင်းဆုံးနှင့် အတိုးတက်ဆုံး ကစားသမား၊ အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

 ချမ်းမြေ့မောင်