တိုက်ကြီးမြို့နယ်တွင် သစ္စာပန်းစိုက်ပျိုးရောင်းချသူများ မိသားစုဝင်ငွေရရှိ

တိုက်ကြီး ဩဂုတ်  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ကျားချောင်းကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်း၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းနှင့် ဥယျာဉ်ခြံများတွင် စီးပွားဖြစ်စိုက်ပျိုးထားသည့် သစ္စာပန်းများပေါ်ချိန် ခူးယူရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သစ္စာပန်းစိုက်ပျိုးသူ တစ်ဦးထံမှ သိရသည်။

သစ္စာပန်းသည် အေးမြသောရာသီဥတုကို ကြိုက်နှစ်သက်ပြီး တိုက်ကြီးဒေသ၏ ရာသီဥတုနှင့် ကိုက်ညီသည့်ရေပြာမျိုးကို ဇွန်လတွင် စတင်စိုက်ပျိုးပြီး ဩဂုတ်လတွင် ခူးယူရကြောင်း၊ သစ္စာပန်းဥကို တစ်ပင်နှင့်တစ်ပင်တစ်ထွာခန့်ခွာ၍ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး ၂၅ ရက်သား အရွက် ၂ ရွက်ထွက်လာချိန်တွင် ပုလဲဓာတ်မြေဩဇာကို ကျွေးပြီးမြေပြန်ဖို့ရကြောင်း၊ အပွင့်ကောင်း၊ အပင်ကောင်းများဖြစ်လာစေရန် ပေါင်းမြက်များရှင်းပေးရကြောင်း၊ စိုက်ပျိုးပြီး နှစ်လခန့်အကြာတွင် သစ္စာပန်းများလှိုင်လှိုင်ထွက်ရှိရာ သစ္စာပန်းပေါ်ချိန် အဖူးတစ်ထောင်ကို ငွေကျပ်တစ်သိန်းရရှိသဖြင့် တွက်ခြေကိုက်ကြောင်း၊ ဒေသထွက်သစ္စာပန်းများကို တိုက်ကြီးမြို့မ ဈေး၌ ရောင်းချခြင်းအပြင် ရန်ကုန်မြို့ သီရိမင်္ဂလာဈေးကွက်သို့ တင်ပို့ရောင်းချရသဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)