ကော့သောင်း ဩဂုတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများက ကျောင်းကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ကကော့သောင်းမြို့၊ အ-ထ-က(ခွဲ) အ-လ-က(၂) ကျောင်း၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် သံဓာတ်အားတိုးဆေးနှင့် သန်ချဆေးတိုက် ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဌာနမှ ဆရာ၊ဆရာမများက “လူငယ်များဗလငါးတန်ဖွံ့ဖြိုးဖို့ကျောင်းကျန်းမာရေးမြှင့်တင်စို့” ဆောင်ပုဒ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ဆောင်ရန်ရှောင်ရန်များနှင့် သန့်လေးသန့်နှင့် တစ်ကိုယ်ရည်သန့်ရှင်း သပ်ရပ်စွာနေထိုင်ခြင်းအစရှိသည်တို့ကို အသိပညာပေးပြောကြားခဲ့၍ သံဓာတ်အားတိုးဆေးနှင့် သန်ချဆေးများ တိုက်ကျွေးခဲ့သည်။
ထို့နောက် KGတန်း မှ (Grade-5)တန်း ကျောင်းသား၊ ကျောင်းသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်း၊ သွားပိုးစားခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ မျက်လုံး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ လည်ပင်းကျန်းမာရေးများ၊ အခြားရောဂါလက္ခဏာများအား ကျန်းမာရေးစစ်ဆေး မှုများပြုလုပ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာများနှင့် အခြားရောဂါလက္ခဏာများ ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး KG ကျောင်းသား၊ ကျောင်းသူလေးများအား ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခမဲ့ဖြန့်ဝေသော သွားတိုက်တံနှင့် သွားတိုက်ဆေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)