မက်မန်းမြို့တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နိုင်ရန် ဒေသဝက်(၁၀)ကောင်နှင့် ဒေသကြက်(၁၀၀) ကောင် ဖြန့်ဖြူးပေးအပ်

မက်မန်း ဩဂုတ် ၁၆

ရှမ်းပြည်နယ်“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ(၄၅)သိန်းကျပ်ဖြင့် ဘိန်းအစားထိုးအဖြစ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ ဒေသဝက်(၁၀)ကောင်နှင့် ဒေသကြက်(၁၀၀)ကောင် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မက်မန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က အမှာစကားပြောကြားရာတွင် စီမံကိန်းရည်ရွယ်ချက်နှင့် မွေးမြူရေးလုပ်ငန်းအောင်မြင်ရန် ကြိုးစား ဆောင်ရွက်ကြစေရန်လိုအပ်ကြောင်း စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများနှင့် မွေးမြူထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများအကြောင်း ဆွေးနွေး ဟောပြောခဲ့ကြသည်။ 

ထို့နောက် တာဝန်ရှိသူများက တာကော်လေးကျေးရွာနှင့် ရောင်အူ(ဝ)ကျေးရွာ(၂)ရွာမှ အိမ်ထောင်စု (၃၅)စုအား ဒေသဝက်(၁၀)ကောင် နှင့် ဒေသကြက်(၁၀၀)ကောင်တို့ကို ဖြန့်ဖြူပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

အေဇက်ထွန်း(ပြန်/ဆက်)