မြစ်သား သြဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် နွားကူးကြီးကျေးရွာအုပ်စု ရေအေးဆိပ်ကျေးရွာအနီးရှိ ပန်းလောင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ(၃)သိန်း ငါးမျိုးစိုက်ထည့်ပေးခြင်းကို ယမန်နေ့နံနက်(၇)နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြစ်သားမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်၊ မြစ်သားမြို့နယ် စီမံကိန်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဒေါ်နီလာအေး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်၊ မြစ်သားမြို့နယ်ဆည်မြောင်း(တမံ)ဦးစီး ဌာနမှ ဒုဦးစီးမှူး ဦးဝင်းလွင်ဦး၊ ကူမဲမြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်၊ မြစ်သားမြို့နယ် ကူမဲငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးစောအောင်ကိုလတ်နှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြစ်သားမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့များပူးပေါင်းအဖွဲ့(၂၀)ဦးတို့မှ ပန်းလောင်မြစ်အတွင်း ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာ စေရန်၊ ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းရေး၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်နှင့် ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန်ရည်ရွယ်၍ နွားကူးကြီးကျေးရွာအနီး ပန်းလောင်မြစ်အတွင်းသို့ ငါးမြစ်ချင်း ငါးကောင်ရေ (၁၅၀၀၀၀)၊ ငါးခုံးမကောင်ရေ(၁၅၀၀၀၀)၊ စုစုပေါင်းငါးကောင်ရေ (၃၀၀၀၀၀)အား ပန်းလောင်မြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)