တောင်ကြီး သြဂုတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)အခြေခံပညာဦးစီးဌာန၊အခြေခံပညာအထက်တန်း၊ ကျောင်းစာကြည့်တိုက်လုပ်ငန်း အဆင့်မြှင့်တင်ခြင်းနှင့် မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၊ အလင်းသစ်စာကြည့်တိုက်ရှေ့၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်က စာကြည့်တိုက်များ ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးစိုးတင့်လွင်က ကျောင်းစာကြည့်တိုက်အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အလင်းသစ်စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ရှမ်းပြည်နယ်စာကြည့်တိုက်ဖောင်ဒေးရှင်း အတွင်းရေးမှူး ဒေါ်ရွှေရွှေမြင့် နှင့်မြို့နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်စန္ဒာသက်တို့က ပေးအပ်လှူဒါန်းရာ လက်ထောက်မြို့နယ်ပညာရေးမှူးနှင့် စာကြည့်တိုက်တာဝန်ခံတစ်ဦးတို့က လက်ခံရယူခဲ့သည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသူများက အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၊ အလင်းသစ်စာကြည့်တိုက်တွင် ဒူဝီဒဿမစနစ်ဖြင့်စာအုပ်များကို မျိုးတူစုခွဲခြားထားရှိမှု၊ ကတ်တလောက် ရေးသွင်းထားရှိမှု၊ စာကြည့်တိုက်အတွင်း ပြင်ဆင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(ပြန်/ဆက်)