တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းခရိုင် ရဲမှုထမ်းဟောင်းများအဖွဲ့ရုံးအတွက် ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းပေးအပ်

ကော့သောင်း ဩဂုတ် ၁၆

ကော့သောင်းခရိုင်ရဲမှုထမ်းဟောင်းများအဖွဲ့ရုံးပြုပြင်ရန် ချီးမြှင့်ငွေ‌‌ပေးအပ်ခြင်း၊ ရဲမှုထမ်းများအား လက်ဆောင်ပစ္စည်းပေးအပ်ခြင်းနှင့် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ရဲတပ်ဖွဲ့မိသားစုဝင်များအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင်ကျင်းပရာ အဆိုပါ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တနင်္သာရီတိုင်းဒေသကြီး၊ ရဲမှုထမ်းဟောင်းများအဖွဲ့ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်‌မြင့်၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့်ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့မိသားစုဝင်များ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက “တနင်္သာရီတိုင်းဒေသကြီးရဲမှုထမ်းဟောင်းအဖွဲ့များအနေဖြင့် ခရိုင်အလိုက် ရန်ပုံငွေများထားရှိကာ သာရေးနာရေးစရိတ်များတွင် ချီးမြှင့်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အ‌နေဖြင့်  အခါအား‌လျော်စွာ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအားတွေ့ဆုံ၍ လက်ဆောင်ပစ္စည်းများ ပေးအပ်လျက်ရှိကြောင်း၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ အလုပ်အကိုင်ရရှိမှုအနေဖြင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင် (၅)ဦးအား အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေပေးနိုင်ခဲ့ကြောင်း၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့်လည်း ယခင်ကတည်ငြိမ်အေးချမ်းရေးကို အကောင်းဆုံးလုပ်ဆောင်ခဲ့ကြသူများဖြစ်သည့်အတွက် တစ်ဖက်တစ်လှမ်းမှ ရဲလုပ်ငန်းကို တတ်နိုင်သည့်ဘက်မှ တည်ငြိမ်အေးချမ်းရေးကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ကော့သောင်းခရိုင် ရဲမှုထမ်းဟောင်းအဖွဲ့များအနေဖြင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ ပိုမိုရရှိရေးဆောင်ရွက်ရန်နှင့် ပြည်တွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်” အမှာစကားပြောကြားခဲ့သည်။

ယင်းနောက်  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက ကော့သောင်းခရိုင် ရဲမှုထမ်းဟောင်းများအဖွဲ့ရုံး ပြုပြင်ရန် ချီးမြှင့်ငွေ ကျပ်သိန်း ( ၂၀၀)အား  ခရိုင်ရဲတပ်ဖွဲ့မှူးထံ ပေးအပ်၍ လက်ဆောင် ပစ္စည်းများအား ရဲမှုထမ်းဟောင်းဥက္ကဋ္ဌထံသို့ ပေးအပ်သည်။ ယင်းနောက် (၂၀၂၄- ၂၀၂၅) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ရဲတပ်ဖွဲ့ မိသားစုဝင်များအား ပညာရည်ချွန်ဆုချီးမြှင့်ရာ ဝန်ကြီးချုပ်ဦးမြတ်ကိုက တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူး(၃)ဘာသာဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မအိမ့်မှူးဖြူဖြူချယ်အား ပညာရည်ချွန် ဆုချီးမြှင့်၍ တနင်္သာရီတိုင်းဒေသကြီး ရဲမှုထမ်းဟောင်းများအဖွဲ့ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ရဲတပ်ဖွဲ့ မိသားစုဝင် (၄)ဦးအား ပညာရည်ချွန်ဆုများ ချီးမြှင့်ကြ‌သည်။

အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရဲတပ်ဖွဲ့ဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မိသားစုဝင်များအား ရင်းနှီးနွေးထွေးစွာ လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)