တာချီလိတ်မြို့၌ မူလတန်းအဆင့်ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများပြုလုပ်

တာချီလိတ်  သြဂုတ် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ အခြေခံပညာမူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူလေးများ၏ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယဥာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်မှတိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလေးများ စွမ်းရည်ထက်မြက်၊ ဉာဏ်ရည်သွက်ပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ပိုမိုချစ်ခင်ရင်းနှီးကြစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲများ ကျင်းပကြရာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများ၏ စိတ်ကြိုက်ဆေးရောင်ခြယ်ပြိုင်ခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ခြင်းနှင့် ကာယစွမ်းရည် ပြိုင်ခြင်းများအား ကလေးငယ် ၃၀ ဦး ပါဝင်ယှဥ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသူများကို ဆုချီးမြှင့်ခြင်းနှင့် အမှတ်တရ ဗလာစာအုပ်များအား ဒုတိယဦးစီးမှူးဒေါ်ခိုင်ခိုင်လင်းမှ ပေးအပ်ချီးမြှင့်ခဲ့သည်။

တာချီလိတ်ခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ကလေးစာဖတ်ခန်းကို သီးသန့်ဆောင်ရွက်ထားပြီး ကလေးများအကြိုက်၊ ပုံပြင်ပြောပြခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်းနှင့် စွမ်းရည်ပြိုင်ပွဲများကျင်းပခြင်းတို့အား ကလေးများစိတ်ကြည်နူးချမ်းမြေ့စေရေး ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးလတ်