ဒေါပုံ ဩဂုတ် ၁၆
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ငလျင်ဘေးအန္တရာယ်ဆိုင်ရာနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဦးစွာ ဒေါပုံမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ငလျင်ဖြစ်ပေါ်လာရသည့် အခြေခံအကြောင်းအရင်းများ၊ ငလျင်လှုပ်ချိန်တွင် လုပ်ဆောင်ရမည့် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များ၊ ငလျင်လှုပ်ပြီးချိန်တွင် ဆောင်ရွက်ရသည့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ မိမိကိုယ်ကို အသက်အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ငလျင်လှုပ်ချိန်တွင် အကာအကွယ်ယူရမည့်နေရာများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ ထို့နောက် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများကို လက်တွေ့သရုပ်ပြခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက လက်တွေ့အသုံးပြုလေ့လာခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)