စဉ့်ကိုင် ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင် စံပြကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေများ တိုးပွားရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် ကျောက်ဆည်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျောက်ဆည်မြို့နယ်၊ မယ်ဇယ်ပင် စံပြကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းတည်ထောင်မည့်သူ (၅)ဦးအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်စံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးချုပ် (နေပြည်တော်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဒေါ်ငြိမ်းအေး၊ ဆက်စပ်ဦးစီးဌာနများမှ တိုင်းဦးစီးမှူးများ၊ ကျောက်ဆည်ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)၊ စဉ့်ကိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ သင်တန်းသား၊ သင်တန်းသူများ၊ ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်း ၁၂၀ ဦး တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးချုပ် (နေပြည်တော်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဒေါ်ငြိမ်းအေးက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဒေါ်ငြိမ်းအေးနှင့် တာဝန်ရှိသူများက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်းများမှ လုပ်ငန်းထူထောင်မည့်သူများအား လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်းများမှ သင်တန်းသူများ ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် ပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ရာ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)