ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်

ဒဂုံဆိပ်ကမ်း ဩဂုတ် ၁

လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယ‌မန်နေ့နံနက် ၁၀ နာရီက အမှတ်(၆၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအေးကျော်က နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်နိုင်ရေး ရပ်ကွက်နေပြည်သူလူထု လက်ဝယ်အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ်ရရှိသူများအား ဂဏန်း(၁၀)လုံးပါဝင်သည့် UID ကတ်များပြုလုပ်ပေးနိုင်ရေး ဇီဝဆိုင်ရာအချက်အလက်များ စိစစ်ကောက်ယူ၍ UID နံပါတ်ထုတ်ပေးခြင်းကိုလည်း နေ့ချင်းပြီး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် ပန်းခင်းစီမံချက်ဖြင့် ထုတ်ပေးခဲ့သော အိမ်ထောင်စု လူဦးရေစာရင်း ၁၀၅ စုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ၉၅ ကတ်အား မြို့နယ်လဝကဦးစီးမှူး ဦးအေးကျော်နှင့် လဝကမှူး ဦးမြင့်နိုင်တို့က  ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားအရည်အချင်းပြည့်မီသူများအား (၁.၁.၂၀၂၅)မှ (၃၁.၁၀.၂၀၂၅)ထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 ဖြိုးစန္ဒာ(ပြန်/ဆက်)