ညောင်ရွှေ ဩဂုတ် ၁၆
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အင်းလေးကန်ရေပြင် အနည်းငယ်မြှင့်တက်လာပြီး ညောင်ရွှေမြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့် ကျေးရွာများတွင် ရေအနည်းငယ်နစ်မြှုပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြို့နယ်အတွင်း သဘာဝဘေးကျရောက်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရန်အတွက် အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ရေကြီးရေလျှံမှု ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည်လုပ်ငန်းတာဝန်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်ရေး၊ အရေးပေါ်ကူညီကယ်ဆယ်ရေး ယာယီစခန်းများ အသင့်ပြင်ဆင်ထားရှိရေး၊ စာသင်ကျောင်းအသီးသီး၌ ကျောင်းသား၊ ကျောင်းသူလေးများ ဘေးအန္တရာယ်ကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေးအတွက် လမ်းညွှန်မှာကြားပြီး အစည်းအဝေးတက်ရောက်လာသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့သည်
သဘာဝဘေး ရေကြီးရေလျှံမှုဖြစ်ပေါ်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များမှ ရှာဖွေကယ်ဆယ်ရေယာဉ်(၃)စီး၊ ဒေသသုံးစက်လှေ(၆)စီးဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီး အခြားကျေးရွာများ၌လည်း မိမိတို့ဒေသအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပါကြောင်း၊ ညောင်ရွှေမြို့ပေါ်၌ အရေးပေါ်ကယ်ဆယ်ရေး ယာယီစခန်းများဖြစ်သည့် မြို့မ ရန်ကုန်ဘုန်းတော်ကြီးကျောင်း၊ ရွှေချမ်းသာဘုရား၊ မဟာရန်အောင်ဘုရား၊ ဖောင်တော်ဆိုက်ဘုရား၊ မြစေတီဘုရားနှင့် နှစ်ကျိပ်ရှစ်ဆူဘုရား အစရှိသည့်ဌာန(၆)ခုကို အဆင်သင့်ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
စိုင်းအယ်ဘဲ