မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့များဖြင့် လူငယ်စာဖတ်ဝိုင်း ဆောင်ရွက်

မူဆယ် ဩဂုတ် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့ဝင်များနှင့် လူငယ်စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူငယ်စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်များ စာများများဖတ်ရှုကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ ဆက်လက်၍ မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစောရင်က လူငယ်များအနေဖြင့် စာများများဖတ်ပြီး စာပေမှရရှိလာသည့် အသိပညာများဖြင့် မိမိဘဝကိုတိုးတက်ဖွံ့ဖြိုးလာအောင် ဖန်တီးယူတတ်ကြရန် မှာကြားခဲ့ပါသည်။

ယင်းနောက် စာရေးဆရာမ ခင်စောတင့်ရေးသားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ကို Book Club အဖွဲ့ဝင်များဖြစ်ကြသည့် မဇာဖြိုးလွင်က စကားပြောဖို့ ခလုတ်နှိပ်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းထွေးလေးက လမ်းလျှောက်ထွက်ကြမယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မတင်တင်မြင့်က စိတ်ကျရောဂါဆိုတာ ဒီလိုပါ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မအိုင်စောလင်းက ဘာကြောင့်မေ့တာလဲ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။ စာဖတ်ဝိုင်းအပြီးတွင် မူဆယ်ခရိုင် ပြည်သူ့စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်းတို့၌ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)