ထန်တလန်မြို့၌ မိခင်ဝိုင်းအသိပညာပေး သင်တန်းဖွင့်လှစ်

ထန်တလန်  ဩဂုတ် ၄

ချင်းပြည်နယ်၊ ဟာခါးခရိုင်၊ ထန်တလန်မြို့၌ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး ရည်ရွယ်လျက် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ ဖွင့်လှစ်သော မိခင်ဝိုင်းအသိပညာပေး သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက Thantlang Association Baptist Church Center (TABC) ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးသက်က အဖွင့်အမှာစကား ပြောကြားပြီး ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်မန်နှဲမ်ဆုန် (အကြီးတန်းစာရေး) က သင်တန်းနှင့်စပ်လျဉ်းသော စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ မိခင်ဝိုင်းအသိပညာပေးသင်တန်းကို ဩဂုတ်လ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများက ပို့ချသင်ကြားပေးသွားမည်ဖြစ်ပြီး ထန်တလန်မြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများမှ ဆရာမများ၊ မိခင်ဝိုင်းများရှိ ဆရာ/ဆရာမများ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ကြကာ အဆိုပါသင်တန်းကို ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)