ရေဖြူမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ကျန်းမာရေးအသိပညာပေးဟောပြော

ရေဖြူ ဩဂုတ် ၁၅

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဩဂုတ်၁၅ရက် နံနက် ၉နာရီက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ကျန်းမာ ရေးအသိပညာပေးဟောပြောပွဲကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးမြင့်၊ မြို့နယ် သူနာပြုဆရာမကြီး ဒေါ်အေးအေးရီနှင့် ဒေါ်တင်သူဇာတို့က ကျန်းမာရေးဆိုင်ရာအသိ ပညာပေး ဟောပြောကြသည်။

ထို့နောက်မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကလေးသူငယ်များအား ကိုယ်အပူချိန်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ စာရင်းရေးသွင်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး မွေးကင်းစမှ အသက်(၂)နှစ်‌ အောက်ကလေးသူငယ်များကို ဆုံဆို့ကြက်ညှာချောင်းဆိုး၊ အသည်းရောင်သားအဝါ(ဘီ)၊ ဘီစီဂျီ၊ ပိုလီယို၊ ဦးနှောက်အမြေှးရောင်ရောဂါစသည့် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယို ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်၊ ဝက်သက်-ဂျိုက်သိုးစသည့် ကာကွယ်ဆေးများကို အသက်အရွယ် အလိုက်သတ်မှတ်အကြိမ်တိုင်း ထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေး တိုက်ကျွေးခြင်းနှင့် ဆေးထိုး နှံပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ခတ္တာ(ရေဖြူ)