မြိတ် ဩဂုတ် ၁၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို လူမှုကယ်ဆယ်ရေးအဖွဲ့များမှ မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်ရန်အတွက် ခရိုင်မီးသတ်ဦးစီးဌာန၌ ဖွင့်လှစ်လျက်ရှိသည့် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၂/၂၀၂၅) သင်တန်းကို ယနေ့နေ့လယ်ပိုင်းက မြိတ်ခရိုင် မီးသတ်ဦးစီးဌာနရုံးခန်းမတွင် သင်တန်းဆင်းပွဲ ကျင်းပသည်။
သင်တန်းတွင် သဘာဝဘေး စီမံခန့်ခွဲရေးဆိုင်ရာ ဗဟုသုတများ၊ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ၊ မိုးလေဝသဆိုင်ရာဗဟုသုတများ၊ ရှေးဦးသူနာပြုစုနည်းများ၊ အခြေခံကြိုးချည်နည်း၊ ကြိုးအသုံးပြုကယ်ဆယ်နည်း၊ ခေတ်မီကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုနည်း၊ အသက်ရှူကိရိယာအသုံးပြုနည်း၊ အမှောင်ထုအတွင်း သွားလာမှုစနစ်၊ ရေတွင်းအသက်ကယ်နည်းစနစ်၊ ပြိုကျပျက်စီးနေသော အဆောက်အအုံ၌ ကယ်ဆယ်ရေးစနစ်၊ ယာဉ်မတော်တဆမှုများ ကယ်ဆယ်ရေးနည်းစနစ်၊ အခြေခံအသက်ကယ်ဆယ်ရေး အထောက်အပံ့နှင့် လူနာသယ်ဆောင်နည်းစနစ်များ စသည့် သင်ခန်းစာများကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက သင်တန်းဆင်း အမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို မြိတ်ခရိုင်စီမံခန့် ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပေးအပ်သည်။ အဆိုပါသင်တန်းကို ရက်သတ္တပတ် (၂) ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၅၀) ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းကို မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်ကြမည့် လူမှုရေးအသင်းအဖွဲ့ဝင်များအနေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာ သိသင့်သိထိုက်သော အခြေခံသဘောတရားများ၊ စည်းမျဉ်းစည်းကမ်းများ၊ နည်းစနစ်များ၊ အထွေထွေဗဟုသုတများ ရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်
ခိုင်ထူး (ပြန်/ဆက်)