ဟားခါး သြဂုတ် ၁၅
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ကျန်းမာသန်စွမ်းသည့် လူမှုအဖွဲ့အစည်းတည်ဆောက်နိုင်ရန်နှင့် လူတစ်ဦးချင်းစီ၏ ပျမ်းမျှသက်တမ်းတိုးမြှင့်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိရာမှာ ကျောင်းသားလူငယ်များ၏ ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ရေးဟာလည်း အဓိကကျသော ကဏ္ဍမှပါဝင်လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်မှုအနာဂတ်ဟာ နိုင်ငံသားများ၏ ပညာရေးနှင့် ကျန်းမာရေးအဆင့်အတန်းပေါ်မှာ မူတည်သည့်အတွက် မြန်မာနိုင်ငံ၏အနာဂတ် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းနေရွယ်ကလေးများ၏ ကျန်းမာရေးဟာ အလွန်အရေးကြီးပါကြောင်း၊ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ကောင်းသည်ဆိုသည့် ဆောင်ပုဒ်အတိုင်း ကြိုတင်ကာကွယ်ခြင်းကို အထူးဦးစားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ လိုအပ်သည်ထက် ဖုန်းအလွန်အကျွံသုံးစွဲခြင်းများကအစ အချိုအဆိမ့် အလွန်အကျွံစားသုံးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး လျစ်လျူရှုခြင်းစသည်များကို ရှောင်ရှားခြင်းသည် ကြိုတင်ကာကွယ်ခြင်းပင်ဖြစ်ပါကြောင်း၊ ငယ်ရွယ်စဉ်ကအစ ကျန်းမာရေးအတွက် အစားအသောက် အပြုအမူဆင်ခြင်နိုင်ပါက အသက်ရှည်ကျန်းမာပြီး မိမိအကျိုး၊ မိသားစုအကျိုး၊ တိုင်းပြည်အကျိုးကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေး လုပ်ငန်းသည် ကာလရှည်ရင်းနှီးမြှုပ်နှံမှုသဘောမျိုးဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းက ကောင်းမွန်သည့် အလေ့အထမွေးမြူထားမည်ဆိုပါက ရေရှည်အကျိုးခံစားလာမည်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ် များ ကျန်းမာသန်စွမ်းပြီး ကာယ၊ ဉာဏဖွံ့ဖြိုးခြင်းဟာ အနာဂတ်နိုင်ငံ တော်အတွက် ကောင်းမွန်သည့် အရင်းအနှီးဖြစ်သည့်အတွက် ကျန်းမာရေးနှင့်လက်တွဲပြီး မိဘ၊ ပြည်သူတစ်ရပ်လုံးက ကျောင်းသား လူငယ်များ ကျန်းမာရေးအဆင့်အတန်း မြင့်မားနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ယင်းနောက် ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာချမ်းငြိမ်းမောင်က ကျောင်းကျန်းမာရေးအဆင့်မြှင့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ကျောင်းကျန်းမာရေးလှုပ်ရှားမှု Video Clip ပြသသည်။
ထို့နောက် ၂၀၂၅−၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်က လည်းကောင်း၊ ကျောင်းကျန်းမာရေးသတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန်လွင်ကလည်းကောင်း၊ ကျောင်းကျန်းမာရေးသတင်းပတ် လှုပ်ရှားမှု အထိမ်းအမှတ်မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ခေတ္တလူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းကျန်းမာရေးလှုပ်ရှားမှုပြခန်းငယ်အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)