ပြင်ဦးလွင် ဩဂုတ် ၁၅
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန် နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်ရည်ရွယ်၍ မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့နံနက်၉နာရီခွဲက ဆင်လမ်း အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ ဆင်လမ်းအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးက အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးကဦးဆောင်ပြီး ဆင်လမ်းအခြေခံပညာအထက်တန်း ကျောင်းမှ Grade-(11) ကျောင်းသူများသော မမေသူဝေက “လူငယ်နှင့်ပညာရေး”ခေါင်းစဉ်၊ မမေသော်တာဦးက“လူငယ်နှင့်နည်းပညာ”ခေါင်းစဉ်၊ မရွှေထိပ်ထားဦးက“လူငယ်နှင့် Social Media” ခေါင်းစဉ်၊ Grade-(10)ကျောင်းသား၊ကျောင်းသူများဖြစ်သော မချယ်ရီမော်က “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်၊ မောင်တန်းလှေ့က“လူငယ်နှင့်သန့်ရှင်းတဲ့ကမ္ဘာ”ခေါင်းစဉ်၊ မောင်ဘုန်းသွန်းခန့်က “လူငယ်နှင့် မူးယစ်ဆေးဝါး” ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြင့်မြတ်ပညာရေးဖောင်ဒေးရှင်းမှအဖွဲ့၀င် ဦးဟိန်းမင်းဦးက မုဒိတာစကားပြောကြားပြီးနောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးဒေါ်ကြူကြူက ကျောင်းသား၊ ကျောင်းသူများ ဆွေးနွေးခဲ့ကြသည့် အပေါ် ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ဦးဆောင် ဆွေးနွေးသူများက မေးမြန်းချက်များကို ဖြေကြားခဲ့သည်။ အဆိုပါ လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား အသိပညာရဖွယ် နံရံကပ်စာစောင်များနှင့် စာအုပ်၊စာစောင်များအား ခင်းကျင်းပြသခဲ့ကြသည်။
သွေးသွေး(ခရိုင် ၊ ပြန်/ဆက် )