မိတ္ထီလာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး  အသိပညာပေးဟောပြောပွဲကျင်းပ

မိတ္ထီလာ သြဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် စားသုံးသူကာကွယ်ပေးရေး  အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

စားသုံးသူကာကွယ်ပေးရေး  အသိပညာပေးဟောပြောပွဲတွင်  စားသုံးသူရေးရာဦးစီးဌာန မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သူဇာမောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်များအပေါ် စားသုံးသူမှ တောင်းဆိုနိုင်သည့်အချက်များ၊ စားသုံးသူပြည်သူများ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာ ရွေးချယ်ဝယ်ယူတက်စေရန် ကုန်အညွှန်း အမှတ်အသားနှင့်စပ်လျဉ်းသည့်အချက်များ၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုဖြစ်၍ တိုင်ကြားမှုများကို ဖြေရှင်းဆွေးနွေးပေးခဲ့သည့် ဖြစ်စဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူနစ်နာ ဆုံးရှုံးမှုများ ရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ (CICC)နှင့် Consumer Call Center (1535) သို့  ဆက်သွယ်နိုင် တိုင်ကြားနိုင်ကြောင်းနှင့် Consumer Call Center (1535)သို့ နမူနာ ခေါ်ဆိုဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများမှလည်း သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူ လူဦးရေ ၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)