တံတားဦးမြို့နယ်တွင် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲနှင့် လက်တွေ့ကွင်းသရုပ်ပြပွဲ ကျင်းပ

တံတားဦး ဩဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး တံတားဦခရိုင် တံတားဦးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းလက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲနှင့် လက်တွေကွင်းသရုပ်ပြဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၈) နာရီက တံတားဦးမြို့ မီးသွေးတိုက်ကျေးရွာအုပ်စု ကွင်းအမှတ်၊ ၁၃၁၈ ဦးပိုင်အမှတ်၊ ၈၃/၂၂၈/က တောင်သူဦးသိန်းဝင်း လယ်မြေ (၃) ဧကအား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စက်မှုလယ်ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးတင့်ဇော်က လယ်မြေများစိုက်ပျိုးရာတွင် လုပ်သားရှားပါမှုပြဿနာနှင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) ကိုင်တွယ်အသုံးပြုနည်းများ၊ စိုက်ပျိုးရာတွင် သတိပြုလိုက်နာရမည့်အချက်များကို တောင်သူများအား ရှင်းလင်းပြောကြားပြီး စက်မှုလယ်ဦးစီးဌာနမှ ဝန်ထမ်းများက လက်တွေ့ကွင်း သရုပ်ပြဆောင်ရွက်ကြသည်။ ထို့နောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကနေဒီထွန်းက စိုက်ပျိုးရေးဆိုင်ရာအကြောင်းကို အသိပညာပေးဆွေးနွေးပြီး တက်ရောက်လာကြသည့် တောင်သူများအား ရွက်ဖျန်းမြေဩဇာနှင့် ပိုးသတ်ဆေးများကို ထောက်ပံ့ပေးအပ်သည်။

လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) ကို အသုံးပြု၍ စပါးစိုက်ပျိုးခြင်းဖြင့် အလုပ်သမားလိုအပ်ချက်များကို လျှော့ချနိုင်ခြင်း၊ လုပ်ငန်းပြီးစီးမှုမြန်ဆန်ကာ အချိန်ကုန်သက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုသက်သာခြင်းကြောင့် စိုက်ပျိုးစရိတ်လျှော့ချနိုင်ခြင်း၊ အပင်ပေါက်ကောင်းခြင်းနှင့် ပင်ကြားတန်းကြား ညီညာစွာစိုက်ပျိုးနိုင်ခြင်းတို့ကြောင့် ပေါင်းလိုက်ရာတွင် လွယ်ကူစွာ လုပ်ဆောင်နိုင်ခြင်း သီးနှံအထွက်နှုန်းတိုးခြင်းတို့ကြောင့် တောင်သူများအားထားရမည့် စက်ကိရိယာတစ်ခုဖြစ်ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)