တာချီလိတ် ဩဂုတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးနှင့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ဒုတိယရဲမှူး အောင်ကျော်ဇင်က ကျောင်းသား၊ ကျောင်းသူလေးများအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရည်မှန်းချက်တာဝန်များ၊ လူမှောင်ခို၊ လူကုန်ကုန်ကူးမှု၏အဓိပ္ပါယ်နှင့် လူကုန်ကူးမှုမြောက်သည့် နည်းလမ်းများ၊ လူကုန်ကူးခံရခြင်း၏ အဓိကအကြောင်းအရာများ၊ လူကုန်ကူးခံရပါက ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ခရိုင်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲအုပ်မင်းခိုင်က ယနေ့ခေတ်တွင် အွန်လိုင်းဆိုရှယ်မီဒီယာများအသုံးပြု၍ လောင်းကစားမှုများ၊ လူကုန်ကူးမှုနှင့်ဆက်စပ်သည့် သွေးဆောင်လိမ်လည်မှုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာများအား ရှင်းလင်းပြောကြားကာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ မဲခေါင်-လန်ချန်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာန (LMLECC)မှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Video Clip ပြသခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)