မိုင်းနောင်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

မိုင်းနောင် သြဂုတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် ကျေးသီးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်ဝင်းနိုင် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးဇေယျာနိုင်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်းနှင့်စပ်လျဉ်း၍ မြန်မာ့အီလက်ထရောနစ်မဲပေးစက်အကြောင်းကို ရှင်းလင်းကာ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုထိုက်က မဲပေးစက်တပ်ဆင်နှင့် ကိုင်တွယ်အသုံးပြုပုံများ ရှင်းလင်းခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များနှင့် ဆင့်ပွားသင်တန်းတက်ရောက်လာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို မြို့ပေါ်နှင့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ကျစာရေးများ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စုများမှ Volunteer များ စုစုပေါင်း (၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)