နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း မွေးမြူရေး၊ မျိုးသန့်ထုတ်လုပ်မှုနှင့် မိုးစပါးစိုက်ခင်းများ ကွင်းဆင်းကြည့်ရှု

တပ်ကုန်း ဩဂုတ် ၁၅

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် တဲမြင့်ကျေးရွာအုပ်စု၊ ပေတောကျေးရွာအနီး၊ အသားတိုးကြက်မွေးမြူရေးခြံသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့ရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးထိုက်က အသားတိုးကြက်မွေးမြူရေးနှင့်ပတ်သက်သည့် အချက်အလက်များ ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ဘုရင့်နောင်ရပ်ကွက်၊ “ရတနာ” မျိုးစေ့သန့် ထုတ်လုပ်ရောင်းချသည့်နေရာသို့ ရောက်ရှိ၍ စပါး၊ နေကြာ၊ ပဲတီစိမ်း၊ မတ်ပဲများ မျိုးစေ့သန့်စင်စက်ဖြင့် ဆောင်ရွက်နေမှုအား ကြည့်ရှုခဲ့ပြီးနောက် အခြောက်ခံစက်ဝယ်ယူရေးနှင့် အရင်းအနှီးများထည့်သွင်းနိုင်းရေးအတွက် သတ်မှတ်စည်းကမ်းနှင့်အညီ ချေးငွေများ ထုတ်ချေးနိုင်ရေး၊ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး၊ မစိုက်ပျိုးနိုင်သောတောင်သူများအတွက် အဖြေရှာစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းပြည့်မီသည့် မျိုးကောင်း၊ မျိုးသန့်ဖြစ်စေရေး၊ ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေးနှင့် ဒေသကို အကျိုးပြုဆောင်ရွက်ရေး ဆွေးနွေးမှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ ဗိုလ်မင်းရောင်ရပ်ကွက်၊ ကွင်းအမှတ်(၁၄၀၄)၊ ဧရာမင်းစပါးစိုက်ခင်းအား ကြည့်ရှုကာ တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူလယ်ယာမြေမှထွက်ရှိသည့် သီးနှံကုန်ကြမ်းများ ကုန်ချောပြုလုပ်ရောင်းချနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ တစ်နှစ် သုံးသီးစားသီးနှံ စိုက်ပျိုးနိုင်ရေး၊ ကြဲပက်စနစ်ပပျောက်အောင် ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးနိုင်ရေး၊ သီးနှံများ သတ်မှတ်ပန်းတိုင်အထွက်နှုန်းပြည့်မီစိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲနိုင်ရေး၊ မိမိလယ်ယာမြေများ တန်ဖိုးထားလုပ်ကိုင်ရေး၊ မိုးရေ၊ ဆည်ရေများ အကျိုးရှိစွာ သုံးစွဲစိုက်ပျိုးနိုင်ရေး ဆွေးနွေးပြောကြားခဲ့ပြီးနောက် တောင်သူများတင်ပြသည့် ကွင်းအမှတ် (၁၄၀၄)ကွင်း၊ ဆင်သေဆည်မှ ရေယူမြောင်းအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်