ဟားခါး သြဂုတ် ၁၄
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အဆိုပြုလုပ်ငန်းလျာထားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ခေတ္တပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင်ပါဝင်သော ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဘဏ္ဍာရန်ပုံငွေများလျာထားရာတွင် ထိရောက်သည့်ဘတ်ဂျက်ဖြစ်ရန်လိုအပ်ပါကြောင်း၊ ဘဏ္ဍာရန်ပုံငွေသည် နိုင်ငံတော်ရန်ပုံငွေများဖြစ် ကြောင်း၊ ထို့ကြောင့် ဘတ်ဂျက်များလျာထားရာတွင် နိုင်ငံတော်၏မူဝါဒအတိုင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လူတိုင်းသည် ပြီးပြည့်စုံသည့်သူမရှိကြောင်း၊ သို့ဖြစ်၍ အစည်းအဝေး တက်ရောက် လာကြသူများအနေဖြင့် လွတ်လပ်ပွင့်လင်းစွာ အကြုံပြုဆွေးနွေးတင်ပြကြစေလိုကြောင်းဖြင့် အမှာ စကား ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင်ပါဝင်သော စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ အမှတ်(၃)ကုန်းမြင့်ဒေသလယ်ယာမြေ ဖော်ထုတ်ရေး စီမံကိန်းရုံး၊ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက မိမိတို့ဌာနအလိုက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် အဆိုပြုစီမံကိန်းလျာထားချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ပြည်နယ်ဦးစီးမှူးများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့်ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်တို့က ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)