ထားဝယ် ဩဂုတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ(၁/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးဗဟိုစာရင်းအင်းအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦသက်နိုင်က တိုင်းဒေသကြီးအစားအစာထုတ်လုပ်ခြင်းနှင့် လက်ကားနှင့်လက်လီရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ပြင်ဆင်ခြင်း ကဏ္ဍများရှိကလေးလုပ်သားစစ်တမ်း (၂၀၂၅-၂၀၂၆) စစ်တမ်းကောက်ယူမည့်အစီအစဉ်ကို ကော်မတီဝင်များရှင်းလင်းဆွေးနွေးသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖြစ်ကြောင်း၊ ကလေးလုပ်သားပပျောက်ရေးသည် နိုင်ငံအတွက်အရေးပါသည့် လုပ်ငန်းစဉ်ဖြစ်သည်နှင့်အညီ ကလေးလုပ်သားဆိုင်ရာ အချက်အလက်များရရှိနိုင်မှုသည်လည်း ကလေးလုပ်သားပပျောက်ရေးဆိုင်ရာ မူဝါဒများ၊ စီမံကိန်းများချမှတ်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ တိုင်းဒေသကြီးမှာရှိသော အစားအစာ ထုတ်လုပ်ခြင်းနှင့် လက်ကားနှင့်လက်လီရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့်မော်တော် ဆိုင်ကယ်ပြင်ဆင်ခြင်းကဏ္ဍ (၂)ခုရှိ ကလေးလုပ်သားအခြေအနေကို သိရှိစေရန်နှင့် ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေးအတွက် အခြေခံအချက်အလက်များကောက်ယူရန်၊ ကလေးအလုပ်သမားများ၏ အခွင့်အရေးများကို ထိရောက်စွာကာကွယ်ပေးနိုင်ရန်၊ ကလေးသူငယ်ဆိုင်ရာ မူဝါဒများကို ရေးဆွဲရာတွင် လက်ရှိအခြေအနေများကို ဖော်ပြသောညွှန်ကိန်းများ၊ အဆိုပါညွှန်ကိန်းများအပေါ် လေ့လာဆန်းစစ်မှုများနှင့် အထောက်အကူဖြစ်စေမည့်အကြောင်းရင်းများကို ရရှိနိုင်ရန်နှင့် ရရှိလာသော ကလေးအလုပ်သမားများစာရင်းကို စောင့်ကြည့်လေ့လာရန်စသည့် ရည်ရွယ်ချက်များဖြင့် စစ်တမ်းကောက်ယူသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ ဗဟိုစာရင်းအင်းအဖွဲ့၊တိုင်းဒေသကြီးတာဝန်ခံက စာရင်းကောက်ယူမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များက ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးကာ တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးကညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)