မဟာအောင်မြေမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး 

မဟာအောင်မြေ ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ အမှတ်(၂၈) အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲနှင့် အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။

ဟောပြောပွဲတွင် မဟာအောင်မြေမြို့နယ်၊အမှတ် (၂၈)အခြခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုမေက အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အားကစားနှင့်လူငယ်ရေးရာဟောပြောပွဲ  ရည်ရွယ်ချက်များ၊ လူငယ်များစာအုပ်စာစောင်များကို အမြဲလေ့လာဖတ်ရှုစေလိုကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကိုလည်းရှာဖွေ၍ လေ့လာမှတ်သားစေလိုကြောင်း ဟောပြောသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က လူငယ်များအတွက် ပညာ၏တန်ဖိုးနှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိ ပညာပေးနံရံကပ် စာစောင်များ၊ မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင် များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဇော်မင်း