နေပြည်တော် ဩဂုတ် ၁၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက် ကွင်းအမှတ်(၁၆၆၁)ရှိ တောင်သူဦးသန်းဇော်၏ လယ်သို့သွားရောက်ပြီး မိုးစပါးအထွက်ကောင်းမျိုးများအား ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၇၂)သို့ သွားရောက်ပြီး ကောက်ရိုးဖြင့် သဘာဝမြေဩဇာပုံများပြုလုပ်ထားရှိမှုနှင့် သဘာဝမြေဩဇာပြုလုပ်နည်း လက်တွေ့သရုပ်ပြသခြင်းကို ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရိမြို့နယ် ရွာမကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၇၂)ရှိ တောင်သူဦး ဘိုဘိုမောင်၏ လယ်ရှစ်ဧကတွင် သဘာဝမြေဩဇာပြုလုပ်ရာတွင် ပါဝင်သည့်ပစ္စည်းများ ခင်းကျင်းပြသထားမှုနှင့် ရေဆင်းပေါ်ဆန်း(၂) စပါးမျိုးများ စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးပြီး တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သဘာဝမြေဩဇာပြုလုပ်ပုံနှင့် သုံးစွဲပုံများကို ရှင်းလင်းတင်ပြကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စိုက်ပျိုးဆောင်ရွက်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)