ကျောက်ဆည် ဩဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများဖြစ်သည့် စိတ်ဓာတ်ကျ ရောဂါများ အကြောင်းနှင့်မိမိကိုယ်မိမိသေကြောင်း ကြံစည်ခြင်း၊ စိတ်ရောဂါဖြစ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ လိင်စိတ်အား နည်းခြင်း၊ပြင်းထန်စွာစိုးရိမ်ကြောင့်ကျမှုဖြစ်ခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများဖြစ်သည့် AIDSခေါ် ခုခံအားကျဆင်းမှုရောဂါဖြစ်ခြင်း၊ ဆေးလွန်သဖြင့် မိန်းမောစွာအိပ်မပျော်ခြင်း၊ သတိမေ့မြောသွားခြင်း၊ အခန့်မသင့်လျှင် အသက်ဆုံးရှုံးခြင်း၊ ထုံနာ၊ ကျင်နာ၊ အကြောသေရောဂါဖြစ်ခြင်း၊ ဝက်ရူးပြန်တတ်ခြင်း၊ နှလုံးရောဂါ၊ အဆုပ်ရောဂါ၊ အသည်းရောဂါ၊ သွေးကြောပိတ်ရောဂါဖြစ်ခြင်း၊ ခန္ဓာကိုယ်အနှံ့အပြား အနာစိမ်းများပေါက်၍ သွေးဆိပ်တက်ခြင်းများ အကြောင်းအသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒများဖြစ်သည့် ထုတ်လုပ်မှုလျှာ့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျှော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ်လျှော့ချရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများတိုးမြှင့်ရေး၊ လူ့အခွင့်အရေးပြဌာန်းချက်များနှင့်အညီဖြစ်စေရေးအကြောင်းများနှင့် မဟာဗျူဟာနှင့် နည်းဗျူဟာများဖြစ် သည့်မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းများ ကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်၍ ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးတို့၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘိန်းစိုက် ပျိုးမှုလုံးဝချုပ်ငြိမ်းပပျောက်ရေး၊ သုံးစွဲသူပပျောက်ရေး၊ ထုတ်လုပ်မှုပပျောက်ရေး၊ တားဆီးနှိမ်နှင်းရေးစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)