မြစ်သား ဩဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် မြို့နယ်သမ ဝါယမအသင်းစုပိုင်ငွေဖြင့် မိုးကြိုဝါစိုက်ပျိုးခြင်းဖြင့် အသေးစား၊ အလတ်စားယက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းရရှိစေရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး တစ်ဦးချင်းဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ မြိုင်ကုန်းကျေးရွာရှိ မြိုင်ကုန်းလယ်ယာနှင့်အထွေထွေစီးပွားလုပ်ငန်း သမဝါယမအသင်း အသင်းသားတောင်သူများစိုက်ပျိုးထားသော မိုးကြိုဝါစိုက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဝါခူးဆွတ်နေမှုများကို ယမန်နေ့နံနက်ပိုင်းအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးက မြိုင်ကုန်းလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းအသင်းသား တောင်သူ ဦးရွှေမန်း၏ ကွင်းအမှတ်( ၅၃၄/င) ရှိ ဦးပိုင်အမှတ် (၂၃/၁)စိုက်ဧက၁၅.ဧကတွင် ဝါစိုက် ခင်းအောင်မြင်ဖြစ်ထွန်းပြီး ဝါခူးဆွတ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မိမိတို့သမဝါယမဦးစီးဌာနအနေဖြင့် ဝါပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုများပံ့ပိုးပေးခဲ့ပြီး ထွက်ရှိလာသောဝါများ ဈေးကောင်းရရှိရေးအတွက် အဝယ်ဒိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးထားကြောင်းဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ အသင်းသားတောင်သူ ဦးရွှေမန်းက မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဝါခူးဆွတ်မှု အကြိမ်(၉) ကြိမ်ခူးဆွတ်ပြီးချိန်တွင် တစ်ဧကပျမ်းမျှအထွက် နှုန်းပိဿာ(၉၅၀)ထွက်ရှိကြောင်း၊ ထပ်မံခူးဆွတ် ရန်(၂)ကြိမ်ကျန်ရှိခြင်းကြောင့် ယခုနှစ်ရာသီကုန်ချိန်အထိ တစ်ဧကပျမ်းမျှပိဿာ (၁၀၀၀) ကျော် ထွက်ရှိနိုင်ကြောင်းနှင့် ယခင်နှစ်မိုးကြိုဝါ တစ်ဧက ပျမ်းမျှအထွက်နှုန်း (၉၀၀)ပိဿာထွက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါကြည့်ရှုစစ်ဆေးရာသို့ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများနှင့် ဒေသခံအသင်းသား တောင်သူများ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)