မန္တလေး ဩဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်စောပြည့်မွန်က မီးခိုးမြူငွေ့ဆိုသည်မှာ အခိုးအငွေ့များ၊ဖုန်မှုန့်များ၊ အမှုန်များ၊ ရေခိုးရေငွေ့များနှင့်အခြားအငွေ့ပျံစေနိုင်သည့်အရာများ လေထုထဲတွင်ပေါင်းစပ်ခြင်းကြောင့် ဖြစ်ပေါ်လာကြောင်း၊ မီးခိုးမြူငွေ့ကြောင့် ကမ္ဘာကြီးပူနွေးလာခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ မိုးရွာသွန်းမှုပုံစံပြောင်းလဲလာခြင်း၊ ပြင်းထန်သောရာသီဥတုအခြေအနေများ တိုးပွားလာခြင်း၊ အပင်နှင့်တိရစ္ဆာန်များအပေါ် သက်ရောက်မှုများနှင့်ရောဂါပိုးမွှားများ ပိုမိုပျံ့နှံလာခြင်း အကျိုးဆက်များ ဖြစ်လာနိုင်ကြောင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုမဖြစ်ပေါ်စေရန် လိုက်နာ ဆောင်ရွက်ရမည့်လိုအပ်ချက်များဖြစ်သည့် စွန့်ပစ်ပစ္စည်းများကို လေဟာပြင်တွင် မီးရှို့ခြင်းများ မပြုလုပ်ရန်၊စွန့်ပစ်အမှိုက်များကို မီးရှို့ခြင်း သို့မဟုတ် ဟင်းလင်းပွင့် အမှိုက်ပုံများသို့ စွန့်ပစ်ခြင်း မပြုလုပ်ရန်၊အိမ်သုံးနှင့်စက်ရုံသုံး စွန့်ပစ်အရည်နှင့်အနယ်အနှစ်များအတွက် သင့်လျောသော စုစည်း သိမ်းဆည်းခြင်းနှင့် သန့်စင်ခြင်းစနစ်ကို ကျင့်သုံးရန်၊ သစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက်များအား မီးရှို့ခြင်းမပြုဘဲ မြေဆွေးပြုလုပ်၍ တောင်ယာမီးရှို့ခြင်းနှင့်ဟင်းလင်းမီးရှို့ ခြင်းများ အစား ပတ်ဝန်းကျင်ညစ်ညမ်းမှု နည်းစေသောနည်းလမ်းများ ကျင့်သုံးရန်၊ကောင်းမွန်သော စိုက်ပျိုးရေး ကျင့်စဉ်၊နည်းစနစ်များနှင့်ဇီဝဓါတ် မြေဩဇာအသုံးပြုမှုကို ပိုမိုဆောင်ရွက်ကြရန်လိုကြောင်း၊ မီးခိုးမြူငွေ့ မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ဖို့ရန်၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများဖြစ်သည့် တောမီးနှင့်အခြားအမျိုးမျိုးကြောင့် မီးလောင်ကျွမ်းခြင်း၊ ယင်းမှဖြစ်ပေါ်လာသော နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုတို့ကို ကာကွယ်တားဆီးနိုင်ခြင်း၊ လူသားတို့၏ ကျန်းမာရေးဂေဟစနစ်နှင့် ရာသီဥတုပြောင်းလဲမှုကို ကောင်းမွန်စေရန် ကာကွယ်ပေးနိုင်ရုံသာမက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုပါ ရရှိစေနိုင်မည်ဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသန္တာလင်းက မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်စောလွင်ထံ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်း ဟောပြောပွဲကို မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်