လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များငှားရမ်း

လိပ်သို ဩဂုတ် ၁၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများရရှိရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စောင်များ သွားရောက်ငှားရမ်းပေးသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး၊  သုတစာအုပ်များ၊ ဝတ္တု၊ မဂ္ဂဇင်းစာအုပ်များနှင့် ကလေးများအတွက် ပုံပြင်၊ ရုပ်ပြစာအုပ်များ စုံလင်စွာသယ်ဆောင်၍  ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းခဲ့ရာ တစ်ပတ်ပြည့်လျှင်  စာအုပ်စာစောင်အသစ်များဖြင့် အစားထိုးငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးနှင့် လွယ်လင့်တကူစာပေဖတ်ရှုနိုင်စေရန် ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်/ ရပ်ကွက်များသို့  အပတ်စဉ်သွားရောက်၍ သုတ၊ ရသစာအုပ်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်