သရက်ချောင်းမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး

သရက်ချောင်း ဩဂုတ် ၁၄

ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာ‌စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန်ရန်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် သရက်‌ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကျင်းပခဲ့သည်။

ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် အသိပညာပေးဟောပြောရာ စာအုပ်၊ စာပေဖတ်ရှုခြင်းမှရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်း၊ မိမိတို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတ၊ ရသ၊ စာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းလိုပါက စာကြည့်တိုက်အသင်းဝင်၍ အခမဲ့ငှားရမ်းနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ ဂုန်နီအိတ်စွတ်ပြိုင်ပွဲ၊ စကားတိုးပြိုင်ပွဲနှင့် လက်ဆင့်ကမ်းဘော်လုံး‌ကောက်ပြိုင်ပွဲများကျင်းပရာ ဦးစီးအရာရှိက ပြိုင်ပွဲများ၏ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်း ပြောကြားပြီး အ-ထ-က(သရက်ချောင်း)မှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ‌ပေးအပ်သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားလာစေရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာ၊ မူးယစ်ဆေးဝါးဆိုင်ရာ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နံရံကပ် စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)