ဘုတ်ပြင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဘုတ်ပြင်း  ဩဂုတ်  ၁၄

ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ဘုတ်ပြင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်ဝေနှင်းနှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန  လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးအောင်တို့က သင်တန်းဆင်းအမှာစကား အသီးသီးပြောကြားပြီး  သင်တန်းတွင် ထူးဆုချွန်ဆုရရှိသည့် သင်တန်းသူကို ဆုများပေးအပ်ခဲ့သည်။ ယင်းနောက် သင်တန်းဆင်လက်မှတ်များကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးသက်သက်ခိုင်ကလည်းကောင်း၊ သင်တန်းနည်းပြဆရာအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အမှတ်တရလက်ဆောင်ကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအေးမင်းထွေးကလည်းကောင်း၊ သင်တန်းလွန်ကာလ သင်ထောက်ကူပစ္စည်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းတို့က သင်တန်းသူများအား အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းတွင် လက်တွေ့ပြုလုပ်ထားသည့် လူသုံးကုန်ပစ္စည်း (၁၀)မျိုး ကြည့်ရှုခဲ့ကြသည်။

အဆိုပါသင်တန်းသို့ ရပ်ကွက်ကျေးရွာများမှ သင်တန်းသူ(၂၀)ဦးတက်ရောက်ကြပြီး အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်းဆေးဆပ်ပြာရည်၊ရေချိုးဆပ်ပြာရည်၊လက်ဆေးဆပ်ပြာရည်၊ဘက်စုံသုံးဆပ်ပြာရည်၊ လက်သန့်ဆေးရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာအမွှေးခဲ၊ ပရုတ်ဆီနှင့်ဖယောင်းတိုင်ထုတ်လုပ်နည်း စသည့် တို့ကို သင်တန်းကာလ (၅)ရက်အတွင်း သင်တန်းနည်းပြများက စာတွေ့လက်တွေ့ သင်တန်းပို့ချခဲ့ပြီး သင်တန်းသူများက စိတ်ပါဝင်စားစွာလေ့လာသင်ယူခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းမှအမျိုးသမီးငယ်များအတွက်အိမ်တွင်းတစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် မိသားစုဝင်ငွေရမည်အခွင့်အလမ်းတစ်ရပ် ဖန်တီးသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)