ကျောက်ပန်းတောင်း ဩဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအဖြစ်၊ ကိုယ်ဝန်ဆောင်မိခင်များအား သံဓာတ်အားတိုးဆေး ထောက်ပံ့ခြင်နှင့် ၅ နှစ်အောက်ကလေးများအား VITAMIN A ဆေးတိုက်ကျွေးခြင်းများကို ယနေ့ နံနက် (၉) နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအသင်းတို့မှ တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၅ နှစ်အောက် ကလေးငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆိုင်ရာများနှင့် အာဟာရပြည်ဝသည့် အစားအစာအုပ်စုများအကြောင်းကို ရှင်းလင်းဟောပြောသည်။ ယင်းနောက် ကိုယ်ဝန်ဆောင်မိခင်များအား သံဓာတ်အားတိုးဆေးများ အခမဲ့ပေးဝေပြီး၊ ၅ နှစ်အောက် ကလေးငယ်များအား VITAMIN A ဆေးတိုက်ကျွေးခြင်းနှင့် အာဟာရမှုန့်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအသင်းတို့မှ တာဝန်ရှိသူများက မြို့မဈေးကြီးအတွင်း စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များ ရောင်းချလျက်ရှိသည့်၊ အိမ်သုံးဆားများတွင် အိုင်အိုဒင်းဓာတ်ဆား ပါဝင်မှု စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)