ကျောက်ဆည် ဩဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်းရောက်ရှိနေသည့် ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိရေး၊ ဥပဒေနှင့်အညီထုတ်လုပ်ရေးစဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်အတွင်းရှိ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် ဈေးဆိုင်များနှင့်လုပ်ငန်းများသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာ၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇာ်မင်းလတ်နှင့်ဝန်ထမ်းများသည် ဈေးကွက်အတွင်းရောင်းချလျက်ရှိသည် စားသောက်ကုန် ပစ္စည်းများဖြစ်သည့် မျှစ်အရောင်းဆိုင်၊ နနွင်းးမှုန့်၊ ငရုပ်သီးမှုန့်အရောင်းဆိုင်များနှင့် ရေသန့်စက်ရုံများသို့ ကွင်းဆင်း၍ ထုတ်ကုန်များတွင်ပါဝင်သည့် ပါဝင်ပစ္စည်းများ၊ ထားသိုနည်းများ၊ စားသုံးရန်အညွှန်းများ၊ သတိပြုရန် အချက်အလက်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အားပေးလျက်ရှိပြီး ထုတ်ကုန်ပစ္စည်းများရောင်းချရာ၌ စားသုံရန်မသင့်သည့် ဓာတ်ပစ္စည်းများ ပါဝင်မှုမရှိစေရေး၊ သန့်ရှင်းလတ်ဆတ်သောကုန်ကြမ်းများနှင့် ကုန်ချောပစ္စည်းများထုတ်လုပ်ရောင်းချရေး၊ ထုတ်ကုန်များကိုကျန်းမာရေးနှင့်အညီ သန့်ရှင်းသပ်ရပ်စွာထုပ်ပိုး၍ အလေးထားဆောင်ရွက်ရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်ရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်း ချက်များ လိုက်နာစေရေးများ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)