မလှိုင်မြို့နယ်၌ မိုးကြိုဝါစိုက်ဧကများအား ကွင်းဆင်းကြည့်ရှုအားပေး

မလှိုင်  ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ မိုးကြိုဝါသီးနှံ စိုက်ပျိုးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ဖက်ကုန်းကျေးရွာတွင် ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများကသွားရောက်ကာ မိုးကြိုဝါစိုက်ဧကများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါမိုးကြိုဝါသီးနှံစိုက်ပျိုးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့် ဝင်ငွေတိုးပွားစေရန်အတွက်ရည်ရွယ်၍ မြို့နယ်သမဝါယမဦးစီးဌာနမှ B-31 မျိုးနှင့် သွင်းအားစုများပံ့ပိုးပေးထားသော ဖက်ကုန်းကျေးရွာ၊ ဖက်ကုန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၊ အသင်းသားတောင်သူ (၁၉)ဦး၏ မိုးကြိုဝါ စိုက်ဧက(၃၀)အား မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်လင်းကိုနှင့်ဝန်ထမ်းများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။ ၎င်းမိုးကြိုဝါသည် လက်ရှိအချိန်ထိ (၆)ကြိမ်ခူးဆွတ်ထားပြီး၊ ပျမ်းမျှအထွက်နှုန်းမှာ (၁)ဧကလျှင် (၆၁၀)ပိဿာထွက်ရှိနေပြီး ရာသီကုန်အထိမိုးကြိုဝါ အထွက်နှုန်း(၁)ဧကလျှင် (၇၁၅)ပိဿာ ခန့် ထွက်ရှိမည်ဟုခန့်မှန်းရပြီး ထွက်ရှိလာသောဝါများကို ပွဲစားများ၏ဈေးနှိမ်ခြင်းမခံရစေရန်နှင့် ဈေးကောင်းရရှိစေရန်အတွက် သမဝါယမဦးစီးဌာနမှ ဝါကြိတ်ခွဲစက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များရှိပါက မလှိုင်မြို့နယ်သမဝါယမဦးစီးဌာနသို့ တင်ပြအကူအညီတောင်းခံနိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မလှိုင်(ပြန်/ဆက်)