လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ကျောက်ဆည် ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊  အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်သည့်အလေ့အကျင့်များ ရရှိလာစေရန်နှင့် စဉ်းစားတွေခေါ်မှု မြင့်မားလာစေရေး၊ စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရေး ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဦးစီးအရာရှိဒေါ်ခင်နှင်းရီက  ကျောင်းသား၊ ကျောင်းသူများ အားလပ်သည့်အချိန်များတွင် စာပေများဖတ်ရှုလေ့လာကြရန် ပြောကြားခဲ့ပြီး  ပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၁) အခြေခံပညာကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)