မြစ်သားမြို့နယ်တွင် မိုးစပါးလက်ဆွဲမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းသရုပ်ပြ

မြစ်သား ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ဒေသခံတောင်သူများ လယ်ယာ သုံစက်ကိရိယာများကို တွင်ကျယ်စွာအသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့  အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှု ပြဿနာဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများစွာ စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိစေရန်  စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော မိုးစပါးလက်ဆွဲမျိုးစေ့ချ ကိရိယာ(DrumSeeder) ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ဩဂုတ် ၁၃ ရက်က လမ်းခွကျေးရွာ ကွင်းအမှတ် (၄၇၀)၊ ဦးပိုင်အမှတ် (၃၅/၁) ရှိ ဒေသခံတောင်သူ ဦးဟိန်းထက်၏ လယ်မြေနှစ်ဧကတွင် ဆောင်ရွက်သည်။

ကွင်းသရုပ်ပြပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ငြိမ်း‌ထွေး က  အမှာစကား ပြောကြားပြီး စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်းက မိုးစပါးလက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့်စိုက်ပျိုးခြင်းဖြင့် ကောက်ကွက်ပြည့်မီခြင်း၊ ပျိုးနုတ်ရန်မလိုခြင်းကြောင့် ပျိုးပင်ထိခိုက်မှုသက်သာစေခြင်း၊ အမြစ်ကြီးထွားဖွံ့ဖြိုးမှုစောစီးစွာရရှိစေခြင်း အကျိုးကျေးဇူးများရရှိကြောင်း ဒေသခံတောင်သူများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)