ဘားအံ ဩဂုတ် ၁၃
ကရင်ပြည်နယ် ဘားအံမြို့တွင် ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ဘားအံမြို့ အမှတ်(၈) ရပ်ကွက်တွင် သံလွင်မြစ်ကမ်းပါး အလျား ပေ၂၉၀၀ ခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာ ကရင်ပြည်နယ်ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမိုးက မြစ်ကမ်းပါးပြိုကျမှုအခြေအနေနှင့် လက်တလောကမ်းပါးပြိုကျမှုလျော့ပါးစေရန် Floating Structure အလျားပေ ၁၀၀၀ ခန့် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က Floating Structure များအမြန်ဆုံး တည်ဆောက်ကာကွယ်ရန်၊ လာမည့်ရေနည်းရာသီတွင်စစ်ဆေး၍ ကမ်းထိန်းလုပ်ငန်းအစီအမံများ ရေးဆွဲတင်ပြရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါသံလွင်မြစ်ကမ်းပါးအနီး မွေးမြူရေးတောင်သူများ၏ ဒေသနွား ၄၂ ကောင် တစ်ပိုင်တစ်နိုင်မွေးမြူထားရှိမှုကိုကြည့်ရှုအားပေးပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခမဲ့ချီးမြှင့်သော အာဟာရဆားခဲ့များကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ လှိုင်ရွာ-ကော့သပုတ်-ကော့ဒါန်းမယ်-ကောထမလိန်းလမ်း ရေကြီး၊ရေတိုက်စားခြင်းကြောင့် လမ်းပခုံးနှင့်လမ်းတာပေါင် ထိခိုက်ပျက်စီးမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျောက်ကြီးဖြည့်သဲကြပ်ခြင်း၊ ကျောက်စီနံရံပြုလုပ်ခြင်း၊ လမ်းပခုံး တုတ်ရိုက်ခြင်းတို့အား ကြည့်ရှုစစ်ဆေးပြီး သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးလမ်းပိုင်းများအား အမြန်ဆုံးပြင်ဆင် ဆောင်ရွက်၍ အများပြည်သူ စိတ်အေးချမ်းသာ စွာ ဖြတ်သန်းသွားလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် AK ကုမ္ပဏီမှ B.O.T စနစ်ဖြင့်ဆောင်ရွက်သော သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီလမ်းပိုင်းပေါ်ရှိ တံတားအမှတ်(၁/၃၂) (၇)ပေ မြောင်းကူးတံတား (Box Culvert) ကမ်းကပ်ခုံ ရေတိုက်စား၍ ထိခိုက်ပျက်စီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးတင်ဆောင်က ယာဉ်သွားလာမှုပြတ်တောက်ခြင်း မရှိစေရေး နှင့် ပြုပြင်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များသည် ပြည်နယ် ပြည်သူ့ဆေးရုံကြီး(ဘားအံ)သို့ သွားရောက်ပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်အားပေးပြီး အာဟာရဖြည့်စွက်အစားအစာများ ချီးမြှင့်ပေးအပ်သည်။ ဆက်လက်၍ အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ကုန်ပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့ကြ သည်။
အလားတူ ဩဂုတ် ၁၂ ရက် မွန်းလွဲ ၂ နာရီက “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ဆီသို့ ” ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ် အပြည် ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို ဘားအံမြို့ ဇွဲကပင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်က ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဗဟိုအဆင့် ပြိုင်ပွဲများတွင် ထူးချွန်လူငယ်များအား ဂုဏ်ပြုဆုပေါင်း ၅၃ ဆုကို ပေးအပ်ချီးမြှင့်ကြကာ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်း Video Clip ကို အတူတကွကြည့်ရှုခဲ့ကြသည်။
ယင်းနောက် တိုင်းရင်းသားလူငယ်ယဉ်ကျေးမှုအဖွဲ့များက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်ကြပြီး လူငယ်ရေးရာလှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)