ထားဝယ် ဩဂုတ် ၁၃
“လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးဖို့ ကျောင်းကျန်းမာရေးမြှင့်တင်စို့” စသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပူးပေါင်းပြီး ကျောင်းသား/ ကျောင်းသူများတွင် ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရေး ကျန်းမာပျော်ရွှင်သောပညာသင်ယူမှုပတ်ဝန်းကျင်ကောင်း ဖန်တီးနိုင်စေရေး တို့အတွက်ရည်ရွယ်ပြီး ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်များအား ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကျောင်းသားကျောင်းသူများ၊ မိဘများ၊ ပညာရေးနှင့် ကျန်းမာရေး ဝန်ထမ်းများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး ကျောင်းကျန်းမာရေးလုပ်ငန်း၏ အရေးပါပုံနှင့်ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များကို ပိုမိုသိရှိလာစေရန်၊ ကျန်းမာရေးအဆင့်မြှင့်ကျောင်းထူထောင်ရေးလုပ်ငန်း များမှာ ပိုမိုပူးပေါင်း ပံ့ပိုးလာစေရန်၊ ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးနှင့်ညီညွတ်သော အလေ့ အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရေး၊ သန့်ရှင်း၍ကျန်းမာရေးနှင့် ညီညွတ်သော ကျောင်းပတ်ဝန်းကျင်များ ပေါ်ထွန်းလာစေရေး၊ ရေရှည်တည်တံ့စေရေးကို အထောက်အကူရစေရန် ရည်ရွယ်ပြီး နှစ်စဉ်ဩဂုတ်လဒုတိယပတ်ကို ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ်လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနနှင့်အခြား ဆက်စပ်ဝန်ကြီးဌာနများ၊ နှီးနွယ်အဖွဲ့အစည်းများ၊ ပြည်သူလူထုများ ပူးပေါင်းပြီး ကျန်းမာရေးအဆင့်မြှင့်ကျောင်းများကို နည်းစနစ်ကျကျအကျိုးရှိရှိ အကောင်အထည်ဖော်ဆောင်ရွက် ခြင်းအားဖြင့်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ် ဖြစ်သည့်ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ပြည့်စုံပြီး ဗလငါးတန်နှင့်ပြည့်ဝသော ကျောင်းသားလူငယ်များ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်၏ ဆောင်ပုဒ်ဖြစ်သည့် “လူငယ်များဗလငါးတန်ဖွံ့ဖြိုးဖို့ ကျောင်းကျန်းမာရေးမြှင့်တင်စို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံဘက်စုံ ဖွံ့ဖြိုးတိုးတက်ဖို့ရာ အဓိကလူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကျောင်းသားလူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် ကျောင်းကျန်းမာရေး လုပ်ငန်းများကိုကျန်းမာရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနပူးပေါင်းပြီး အခြားဆက်စပ်ဌာနများ၏ ပံ့ပိုးကူညီမှုများနှင့်အတူ ရှေ့ဆက်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမိုးဇော်က ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများအဖြစ် စာစီစာကုံး၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသောကျောင်းသူ/ကျောင်းသားများအား ဆုချီးမြှင့်ပြီး အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကျန်းမာရေးသီချင်းဖြင့် သီဆိုဂုဏ်ပြု သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ခန်းမအတွင်း ခင်းကျင်းပြသထားသည့် အခြေခံပညာကျောင်းများမှ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုမှတ်တမ်းများအား လှည့်လည် ကြည့်ရှု အားပေးပြီး ဂုဏ်ပြုဆု ငွေများ ချီးမြှင့်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)